"ပူးတွဲ သဘောထား ထုတ်ပြန်ချက်"
Human Rights Watch (လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့) အား ကြီးမားသော မှားယွင်းခဲ့မှုအပေါ် တာဝန်ခံ တုန့်ပြန် ဆောင်ရွက်ရန် တောင်းဆိုခြင်း။
၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်။
မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ထားသော အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ တပ်ဖွဲ့ဝင်များသည် အရပ်သားများကို အရှင်လတ်လတ် မီးရှို့၊ သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နေ့စဉ် ကျူးလွန်နေသည်။ ၎င်းတို့သည် အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများနှင့် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးနေပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)တွင် ပါဝင်နေသော ဆရာ၊ ဆရာမများကိုလည်း သတ်ဖြတ်ခဲ့သည်။ အာဏာသိမ်း စစ်တပ်သည် အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ဖေဖော်ဝါရီလ ၂၀၂၁ ခုနစ်မှ စတင်ပြီး လွတ်လပ်စွာ ပညာသင်ကြား၊ သင်ယူခွင့်ကို ချိုးဖောက်ခဲ့ပြီး ဖြစ်သည်။
Human Rights Watch (လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့) သည် မြန်မာနိုင်ငံ၏ အခြေအနေကို ကောင်းစွာသဘောပေါက် နားလည်ထားပြီး အာဏာသိမ်း စစ်တပ်မှ ကျူးလွန်နေသည့် ဆိုးရွားသောလူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အစီရင်ခံစာများ ထုတ်လျက်ရှိသည်။ ယခုကဲ့သို့သော ပေါ့ဆမှု ကြီးမားသော အမှားမျိုးကို နောက်တစ်ချိန် ထပ်မံ မဖြစ်စေရန် ကျွန်ုပ်တို့ကမျှော်လင့်ပါသည်။ HRW က မြန်မာပြည်သူလူထု လက်ခံထားပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသော ကျွန်ုပ်တို့၏ တရားဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လိပ်မူပြီး ယူနက်စကို ပညာရေးညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားမှုကို ပေးပို့သင့်ပါသည်။
သင်တို့၏ ပြည်သူလူထုသို့ တောင်းပန်မှုကို ကျွန်ုပ်တို့ အသိမှတ်ပြုသော်လည်း သင်တို့အနေဖြင့် ယခုထက်ပိုမို တိကျသော တာဝန်ခံ တုံ့ပြန် ဆောင်ရွက်မှုကို ပြုလုပ်သင့်ပါသည်။ နယူးယော့ခ်တွင် ကျင်းပမည့် ကုလသမဂ္ဂ အသွင်ကူးပြောင်းရေး ပညာရေးညီလာခံသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ထံ ဖိတ်ကြားစာ ပေးပို့ခြင်းဖြင့် သင်တို့၏ တာဝန်ခံ တုန့်ပြန်မှုကို ပြသရန် ကျွန်ုပ်တို့ တော်လှန်ရေး အင်အားစုများ က လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကို တောင်းဆိုသည်။
မြန်မာနိုင်ငံရှိ အဖိနှိပ်ခံ ပြည်သူများအတွက် ဒီမိုကရေစီနှင့် အသွင်ကူးပြောင်းရေး တရားမျှတမှုကို ဖော်ဆောင်ပေးရန် မင်းအောင်လှိုင်နှင့် အပေါင်းအပါ ရာဇဝတ်ဂိုဏ်းသည် ၎င်းတို့ ကျူးလွန်ခဲ့၊ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ၌ တရားရင်ဆိုင်ရမည်ဖြစ်ပြီး ပြစ်ဒဏ် ခံယူရမည်ဖြစ်သည်။
အာဏာသိမ်း စစ်အုပ်စုနဲ့ အလိုတူ အလိုပါ ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသည်လည်း မြန်မာနိုင်ငံရှိ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် စစ်အုပ်စုကို ပါဝင်ကူညီ ပံ့ပိုး ပတ်သက်နေမှုများအတွက် ပြန်လည်တာဝန်ယူရမည်ဖြစ်သည်။
ထို့ကြောင့် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (HRW) အနေဖြင့် ယခုကဲ့သို့ ကြီးမားသော မှားယွင်းခဲ့မှုအပေါ် တာဝန်ခံ တုန့်ပြန် ဆောင်ရွက်မှုနှင့် တာဝန်ယူမှု ပြုလုပ်ရမည် ဖြစ်သည်။ နောင်တွင်လည်း လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ထားသော စစ်အုပ်စုကို မြန်မာနိုင်ငံ၏ ကိုယ်စားပြု အဖြစ် ဖော်ပြခြင်းနှင့် ဖိတ်ကြားခြင်းကို လုံး၀ (လုံး၀) မပြုလုပ်ရန် သေချာအောင် ဆောင်ရွက်ရမည် ဖြစ်သည်။
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု(BMC) သည် မြန်မာပြည်မှ တက်ကြွလှုပ်ရှားသူများ စုပေါင်းကာ အာဏာသိမ်း စစ်တပ်ထံ ငွေကြေး စီးဆင်းမှုများကို ဖြတ်တောက်ရန် လှုပ်ရှားနေသော အစုအဖွဲ့ဖြစ်သည်။
ဘားမား အကယ်ဒမီ သည် လူတိုင်း အကျုံးဝင် ပညာရေး ပလက်ဖောင်းအဖြစ် စာသင်သား လူငယ်များကြား ပညာရပ်များ ပေါင်းကူးပေးနိုင်ရန် တည်ထောင်ထားသည်။ အခမဲ့ ပညာရေး ထောက်ပံ့ရန် ရည်ရွယ်ပြီး ဖက်ဒရယ် ပညာရေး မူဝါဒ အပေါ် အခြေခံသည်။
လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီ (GSCN) သည် မြန်မာပြည်ရှိ လူမျိုးစု၊ မျိုးနွယ်စုများ၏ အသံများကို ကိုယ်စားပြုပြီး ဖွဲ့စည်းခဲ့သည်။ ပုံစံ မတူညီသော အာဏာရှင်စနစ် အားလုံးကို ဖြိုဖျက်ရန် ရည်ရွယ်သည်။
လူနည်းစု ရေးရာ အင်စတီကျူ (MAI) သည် လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ လူနည်းစုအခွင့်အရေးများအတွက် လှုပ်ရှားနေကြသောနိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် တတ်သိပညာရှင်များဖြင့် ဖွဲ့စည်း တည်ထောင်ထားသည်။
နွေဦး ဂုရုလေးများ သည် ရပ်ရွာအကျိုးပြု အဖွဲ့အစည်း ဖြစ်ပြီး ကျန်းမာရေးနှင့် ပညာရေး စင်တာများ ဖွင့်လှစ်ထားသည်။ ကရင်နီပြည်ရှိ စစ်ရှောင်များနှင့် နေအိမ်စွန့်ခွာ ထွက်ပြေးလာရသူ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ကြား ထောက်ပံ့ပေးနေပါသည်။
စစ်ငြိမ်းပန်း ဖောင်ဒေးရှင်းသည် ပြည်တွင်း လူမှု့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် အရပ်ဘက်ဆက်ဆံရေး၊ မျိုးဆက်သစ်များ၏ တက်ကြွလှုပ်ရှားမှုများနှင့် နိုင်ငံသား ပညာရေး မှ တစ်ဆင့် ကျန်းမာသော ဒီမိုကရေစီ တည်ဆောင်ခြင်းကို မြှင့်တင်သည်။
နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ် ကွန်ရက် (SRMMN) သည် နိုင်ငံရေး အဖွဲ့အစည်း ဖြစ်ပါသည်။ လူမှုရေးနှင့် နိုင်ငံရေး မတူညီသော နောက်ခံများဖြင့် CDM ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ နှင့် တက်ကြွလှုပ်ရှားသူများ စုပေါင်းထားပါသည်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနှင့်အတူ သာတူညီမျှသော နိုင်ငံသား အခွင့်အရေးရရှိရန် ရည်ရွယ်သည်။

အသေးစိတ်အား စုံစမ်းမေးမြန်းလိုပါက -
နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ် ကွန်ရက် (SRMMN) - srmmn@protonmail.com
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု (BMC) - bloodmoneycampaign21@gmail.com
လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီ (GSCN) - gscn2021@gmail.com
စစ်ငြိမ်းပန်း ဖောင်ဒေးရှင်း - sittnyeinpannfoundationmyanmar@gmail.com
နွေဦး ဂုရုလေးများ - nwayoo.guru@gmail.com
ဘားမား အကယ်ဒမီ - office@burma.ac
လူနည်းစုရေးရာ အင်စတီကျူ (MAI) - mai.myanmar@protonmail.com